ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယခုလ(၂၈)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်၌ ပြည်သူများဆန္ဒမဲပေးနိုင်ရန် အတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဲရုံအမှတ်(၅)သို့ လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၊ မဲရုံအမှတ် (၁)သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ ဆန္ဒမဲ ပေးနိုင်ရန်အတွက် မဲရုံအတွင်းအပြင် လုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်၊ မီးဘေး လုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ ဆန္ဒမဲလာရောက်ပေးသူများ စနစ်တကျနှင့် အလွယ်တကူ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကိုမှာကြားခဲ့သည်။ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်  ကျင်းပသွားမည်ဖြစ်၍ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက်  တတိယအကြိမ်အဖြစ် မဲစာရင်းများအား  ယခုလ ၂၃ ရက်နေ့တွင် ကြေညာကပ်ထားပေးလျက်ရှိရာ  ပြည်သူများကလည်း မိမိတို့၏ အမည်စာရင်းပါရှိမှု အခြေအနေများလာရောက်ကြည့်ရှုလျက်ရှိ ကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ မြို့မဓမ္မရိပ်သာကျောင်းတိုက်သို့ သွားရောက်၍ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အောင်ချမ်းသာတောရကျောင်းတွင် ပြုလုပ်မည့် နဂါးရုံဘုရား၊  ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာ ကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအတွက် အလှူငွေများ လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတင်ပြလျှောက်ထားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)