ထားဝယ် ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ (မြို့နယ် အဆင့်)မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ (မွမ်းမံ) သင်တန်းကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ဖွင့်လှစ်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွတ်သိန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
သင်တန်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ)က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် နီးကပ်လာပြီးဖြစ်သောကြောင့် ဆရာ/မများကို မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အားပြန်လည်ကိုင်တွယ်စေခြင်းဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ပေးသည့် ဆရာ/မများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆရာ/မများက ပြည်သူလူထုနှင့်ထိတွေ့ပြီး ဆောင်ရွက်ရမှာဖြစ်သောကြောင့် ဂုဏ်ယူပြီးကျေးဇူးတင်ရှိကြောင်း၊ ဆရာ/မများက မိမိတာဝန်ကျသည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရမှာဖြစ် သည့်အတွက်အားပေးကြောင်း၊ နိုင်ငံတော်အတွက် အပင်ပန်းခံ လုပ်ကိုင်ဆောင်ရွက်ပေးသောကြောင့် လေးစားဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(တိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းသားများ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှု အားကြည့်ရှု အားပေးပြီး သင်တန်းသားများ ရင်းရင်းနှီးနှီးလိုက်လံနူတ် ဆက်သည်။
သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား (၂၄၀) ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာများအား ဒီဇင်ဘာ ၂၅ ရက်နေ့အထိစာတွေ့လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)