ပုဇွန်တောင် ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်၌ တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် (၄၂) ကြိမ်မြောက် အသံမစဲ အဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီက အဆိုပါစေတီရင်ပြင်ရှိ သာသနဇောတိကဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သာကေတမြို့နယ် တိပိဋကလင်္ကါရ စာသင်တိုက်ဦးစီးပဓာနနာယက၊ ရန်ကုန် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ သြဝါဒစရိယ၊ ဝိနိယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏက၊ ဒီဃနိကာ ယဝိဒူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ အဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများက သြဝါဒကထာ မြွက်ကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်က သာသနာ ရေးဆိုင်ရာများလျှောက်ထားပြီး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက အဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း ဆောင်ရွက်ချက်များကို လျှောက်ထားသည်။ ထို့နောက် လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်နှင့်ဇနီးဒေါ်ဝါဝါမင်း မိသားစုက ငွေကျပ်ငါးသိန်း၊ ဦးအောင်စေသော် မိသားစုက ငွေကျပ် ငါးသိန်းနှင့် ၇ ရက်သားသမီးအလှူရှင်များက အလှူငွေများလှူဒါန်းရာ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပဋ္ဌာန်းဒေသနာရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာ ဥယျောဇနဂါထာကို ဖတ်ကြားပြီး သံဃာတော်များနှင့် ကြွရောက်လာကြသူများက ပဋ္ဌာန်းပစ္စယုဒ္ဒဒေသ (၂၄) ပစ္စည်းကို သုံးကြိမ်သံပြိုင် ရွတ်ဖတ်ပူဇော်ကာ ပဋ္ဌာနဘာဏကဆရာတော်များက အဘိဓမ္မာဒေသနာတော်ကို စတင်ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ အသံမစဲ အဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ပဋ္ဌာနဘာဏကဆရာတော် ၂၇ ပါးက ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက်ထိ ၁၀ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တအဂ္ဂသာမိ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေဘုန်းပွင့် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ သာသနဓဇဓမ္မာစရိယ၊ ဝိနယ ဝိဒူ၊ သံယုတ္တနိကာယဝိဒူ၊ မဇ္စျိမနိကာယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ ဘဒ္ဒန္တဇဝနနှင့် ဩဝါဒါ စရိယဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရေးရာဝန်ကြီး ဦးဌေးအောင်၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်