ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  သင်္ဃန်းကျွန်းမြို့နယ်၌  တတိယအကြိမ် မဲစာရင်းကပ်ထားမှု ကွင်းဆင်းကြည့်ရှုအားပေး

သင်္ဃန်းကျွန်း  ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက်၌ တတိယအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် ပြည်သူများမဲစာရင်းလာရောက်ကြည့်ရှုသည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ယင်းသို့လာရောက်ကြည့်ရှုရာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးညီဆွေ၊ သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များမှ ကြိုဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (က) ရပ်ကွက်ပြည်သူများ  မဲစာရင်းကြည့်ရှုနေမှုအား  လိုက်လံကြည့်ရှုအားပေးကာ  မဲစာရင်းအမှတ်စဥ်များအား အိမ်ထောင်စုအလိုက်ကြိုတင်ဖြန့်ဝေထားရန်၊ မဲရုံသို့လာရောက်သည့် မဲဆန္ဒရှင်ပြည်သူများအား မဲပေးမှုသရုပ်ပြပုံစံကို (TV) မှတဆင့် အသိပေးပြသထားရန်၊ လူဦးရေ(၁၅၀၀)ကျော်ရှိသည့်မဲရုံများတွင် သတ်မှတ်အချိန်အတွင်း  မဲပေးနိုင်စေရေးကြိုတင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)