ကန်ကြီးထောင့် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်က ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ခြင်းနှင့် ပတ်သက် ၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများအား ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာပြည်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။ ကန်ကြီးထောင့်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ယာယီနေရပ်စွန့်ခွာပြည်သူ(၂၃၈)ဦးရှိရာ အဆိုပါပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင်ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလစာတစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀)ကျပ်နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသော ယာယီနေရပ်စွန့်ခွာပြည်သူ(၁၇၁)ဦးအား တစ်ဦးလျှင် ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် စုစုပေါင်း ဆန်(၁၇၁)ပြည်နှင့် ဆီ(၈၅.၅)ပိဿာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)