ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ကျိုင်းတုံ ဒီဇင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌အသုံးပြုမည့် MEVM မဲပေးစက်များအား ယမန်နေ့က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ သီရိမင်္ဂလာခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများထံ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စနစ်တကျလွှဲပြောင်းထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား ရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံများအလိုက် စနစ်တကျထုတ်ပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ မြို့ပေါ် (၅) ရပ်ကွက်ရှိ မဲရုံများတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါ အီလက်ထရောနစ်မဲပေးစက်အသုံးပြုသည့် မဲရုံအတွက် နေရာချထားမှုပုံစံဖြင့် မဲရုံများခင်းကျင်းထားရှိမှုအား လိုက်လံကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)