ခိုလမ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ခိုလမ် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ရာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက် /ကျေးရွာအုပ်စု မဲရုံများအား ယမန်နေ့ မွန်းလွဲ ၁ နာရီက အရှေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းသီဟကျော်၊ မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုး၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ခိုလမ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ မဲရုံတာဝန်ကျ လုံခြုံရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာလိုတော့သဖြင့် မိမိကျန်းမာရေးနှင့် လုံခြုံရေးကို ဂရုပြုနေထိုင်ကြရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်နိုင်ရေးပြင်ဆင်ထားရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အမှတ် (၁) ရပ်ကွက်ရှိ အ.ထ.က ခိုလမ်ကျောင်း၌ မဲရုံအမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ အမှတ် (၄) မဲရုံနှင့် အမှတ် (၅) ရပ်ကွက်ရှိ၊ အ.မ.က (ဝမ်ဖွီး) ကျောင်း၌ မဲရုံ အမှတ် (၅) နှင့် အမှတ် (၆) သို့ ရောက်ရှိပြီး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံတာဝန်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အရှေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသည် ဟိုင်းလိုက်ကျေးရွာအုပ်စု မဲရုံ (၁) ရုံ၊ ကာလေကျေးရွာအုပ်စု မဲရုံ (၁) ရုံ၊ နားပွဲကျေးရွာ အုပ်စုမဲရုံ (၁) ရုံနှင့် တုန်ဟုန်းကျေးရွာအုပ်စု မဲရုံ (၁) ရုံသို့ သွားရောက်ပြီး မဲရုံများ ပြင်ဆင်ထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှု၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှု၊ မဲရုံ တာဝန်ကျဝန်ထမ်းများ စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်(ပြန်/ဆက်)