မန္တလေး ဒီဇင်ဘာလ ၂၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ (၆၆)လမ်း၊ (၁၉)လမ်း(နန်းမြို့) ဦထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဆရာအတတ်ပညာသင်ကောလိပ်၊ သူနာပြုတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ လုပ်သားပြည်သူများ စုစုပေါင်း (၁၅၀၀၀)ကျော် ပါဝင်ဆင်နွဲကြသည်။
ရှေးဦးစွာ နံနက် (၆)နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲအား သေနက်ပစ်ဖောက်ကာ တာလွှတ်ပေးသည်။
ထို့နောက် ဦးထိပ်တံတားမှစတင်ကာ ရတနာပုံဥယျာဉ်အတွင်းမှ ကျုံး၏အရှေ့တောင်ထောင့်အထိ တပျော်တပါးစုပေါင်း လမ်းလျှောက်ကြပြီး၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ (၁)နှင့်(၂)၊ Fitness dance အကတို့ဖြင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)