ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

တာမွေ ဒီဇင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်()နာရီ (၃၀)မိနစ်တွင် သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး တက်ရောက်လာကြသူများက ပြည်သူ့ရင်ပြင်ပန်းခြံ ပြည်လမ်းထွက်ပေါက်မှ စတင်တာထွက်၍ အလုံလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် ဦးဝိစာရလမ်းတစ်လျှောက်မှ ပြည်သူ့ရင်ပြင်ပန်းခြံသို့ ပြန်လည်ပန်းဝင်ကာ ပြည်သူ့ရင်ပြင်ပန်းခြံအတွင်း ကိုယ်လက်လှုပ်ရှား သွေးပူလေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

ထို့နောက် လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ကသာပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများက ဒီဇင်ဘာအားကစားလ စတုတ္ထပတ် အားကစားပြိုင်ပွဲများအဖြစ် ကျင်းပသည့် လွန်ဆွဲပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲနှင့် သံပုံးရိုက်ပြိုင်ပွဲ များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ပြိုင်ပွဲများယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ သည်။

အဆိုပါ ဒီဇင်ဘာ အားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ သို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ ပျော်ရွှင်စွာ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)