တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) သို့ ပါဝင်ဆင်နွှဲ

ထားဝယ် ဒီဇင်ဘာ ၂၇

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက်ကြံ့ခိုင်ရန် ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (နောက်ဆုံးပတ်) ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အဆိုပါဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများ အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၉၅၀) ဦးတို့က ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တာလွှတ်၍ ဖွင့်လှစ်ပေးပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရိအားကစားကွင်းအတွင်း ဝိုင်းပတ်၍ ၂ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ (၂) ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများကို အာဟာရဖြည့်မုန့်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)