မူဆယ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စေရန် မဲရုံများအတွင်း မဲပေးစက်များ တပ်ဆင်ထားရှိမှုကို ယနေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ရှေ့တန်းအမှတ် စကခ (၁၄) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်၊ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ မဲရုံများတွင် လွှတ်တော်အလိုက် အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးမည့်နေရာ ပြင်ဆင်ထားသည့် အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူများ၊ အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်မည့်သူများ၊ ဆန္ဒပြုခန်းများ၊ မဲပေးစက်များတပ်ဆင်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးတာဝန်ချထားမှု၊ ပါတီကိုယ်စားလှယ်များထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် ရပ်ကွက် (၉) ခုရှိပြီး မဲရုံပေါင်း (၁၈)ရုံ၊ ဆန္ဒမဲပေးမည့်သူပေါင်း (၄၄၀၆၀)ဦး ရှိကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)