ကျုံပျော် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၌ ပြည်သူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှ စတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီးအမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအား ပြသခြင်းနှင့် လုံခြုံရေးကြိုးစနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ နံနက် ၆ နာရီအချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေငြာခဲ့သည်။
မဲရုံဖွင့်လှစ်ချိန်မှ စတင်ကာ မဲရုံအသီးသီး၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၇၁၁၈၃) ဦး၊ မ (၈၂၇၃၃) ဦး၊ စုစုပေါင်း (၁၅၃၉၁၆) ဦး ရှိပြီး၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉၇) အုပ်စုတွင် မဲရုံပေါင်း (၂၀၃) ရုံ ဖွင့်လှစ်ကာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။
ကျုံပျော်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၈) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၄) ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)