ဟင်္သာတ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် (၆) နာရီချိန်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ်အတွင်း မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ ပါဝင်သော အီလက်ထရောနစ်မဲပေးစက် (MEVM) တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံအားစတင်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာဆန္ဒပြု၍ မဲပေးခဲ့ကြသည်။ ဟင်္သာတမြို့နယ်အနေဖြင့် ရပ်ကွက် (၃၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၁) အုပ်စုတွင် မဲရုံပေါင်း (၁၉၄) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၂၃၆၂၃၇) ဦးရှိကြောင်း ဟင်္သာတမြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၆) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဟင်္သာတမြို့နယ် မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄) ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခရိုင်ပြန်ဆက်