ကော့သောင်းမြို့နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်

ကော့သောင်း ၊ သြဂုတ် ၅

ကော့သောင်းခရိုင်အတွင်း ယခုလပထမပတ်အတွင်းက ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ အိမ်ထောင်စုများအား ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းများ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သြဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့ကဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အေးရိပ်ငြိမ်၊ ရွှေပြည်သာ၊အေးမြကန်သာ၊ သီရိမြိုင်၊ ဘုရင့်နောင်ရပ်ကွက်များနှင့် ကျေးရွာများဖြစ်သည့် စူငယ်ဘာလိုင်း၊ ကံပုံမာတမ်းကျေးရွာများရှိ ပြည်သူများ၏ အိုးအိမ်များ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက လေဘေးဒဏ်သင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးငွေထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့်တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် လိုက်လံထောက်ပံပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

ထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် အိမ်ခြေ (၅၃) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၂၉၃၇၄၀) ကျပ်နှင့်  အိမ်ထောင်စုပေါင်း (၅၁) စုရှိ လူဦးရေ (၂၆၈) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၆၂၈၀၀) ကျပ် ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေပေါင်း (၃၈၅၆၅၄၀)ကျပ် အားထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)