မင်္ဂလာဒုံမြို့နယ်၌ အမှတ်(၃)လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မင်္ဂလာဒုံ ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အမှတ်(၃)လမ်းမကြီးပေါ် ၌ ယမန်နေ့ည ၇ နာရီခန့်က YGN ------- ခဲရောင်ယာဉ်တစ်စီး အင်ဂျင်အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင် ကွပ်ကဲသည့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၇ နာရီ ၅၅ မိနစ်တွင် မီးလောင်နေသည့်မော်တော်ယာဉ်အား မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် မော်တော်ယာဉ်၏ တာယာ(၄)လုံး၊ ထိုင်ခုံကူရှင်နှင့် လေကာမှန်၊ ဘေးမှန်များ မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် ယာဉ်မောင်းကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မင်းသိန်းထွန်း