ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ဒဂုံမြောက် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ အမှတ်(၄၀၀)နေ ဦးဇင်မင်းနိုင် ပိုင်ဆိုင်သည့် ဆုမြတ်-၃ စားသောက်ဆိုင်တွင် ယမန်နေ့ညနေ ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင် ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်မှာ စားသောက်ဆိုင် အောက်ထပ်မီးဖိုခန်းအတွင်း မီးစတင်မွှေးရာတွင် ဂက်စ်အိုးစိမ့်ထွက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက်အဦအတွင်း ပစ္စည်းအနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှု‌ကြောင့် ဆိုင်မန်‌နေဂျာအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အ‌ရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ