ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပ၊ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး ရွေးချယ်

ရန်ကုန် ဒီဇင်ဘာ ၂၉

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယမန်နေ့နံနက် (၆)နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင် ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပနေမှုများကို ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများကလည်း လွတ်လပ်စွာ သတင်းရယူလျက်ရှိပြီး ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များကလည်း မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှု အခြေအနေများကို စောင့်ကြည့်လေ့လာခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်း ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နှင့် အလုံမြို့နယ်တို့တွင် မဲရုံ ၁၃၁၃ ရုံ ဖွင့်လှစ်ကာ ကျင်းပခဲ့သည်။

ဆက်လက်၍ ဇန်နဝါရီ (၁၁)ရက်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန်မြို့နယ်တို့တွင် မဲရုံ ၁၁၇၁ ရုံဖြင့်လည်းကောင်း၊ ဇန်နဝါရီ (၂၅)ရက်တွင် အပိုင်း(၃)ကို ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ စမ်းချောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့တွင် မဲရုံ ၁၃၀၀ ရုံဖြင့်လည်းကောင်း ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မဲရုံပေါင်း ၃၇၈၄ ရုံ ဖွင့်လှစ်ထားကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၃၈၈၂၃ ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း ၂၀ နှင့် တစ်သီးပုဂ္ဂလ ၄၆ ဦီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၈၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယခုကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ် တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စေရန် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM)ကို စတင်အသုံးပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေ ချောမွေ့စွာဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ မဲရုံမှူးများနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ ကြသည်။

အောင်မြင့်(ပြန်/ဆက်)