မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များရေတွက်

မြောင်းမြ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ယမန်နေ့နံနက် (၆:၀၀) နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ည (၉း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ဆန္ဒမဲစာရင်းများ ရေတွက် လျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မဲရုံအသီးသီးမှ မဲရုံးမှူးနှင့်တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့် အခြားဆက်စပ်ပစ္စည်းများ၊ ဆန္ဒမဲရလာဒ်စာရင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံခဲ့သည်။ ဆက်လက်၍ ဆန္ဒမဲရလဒ်များ ထုတ်ပြန်နိုင်ရန် မြောင်းမြ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှရရှိသည့် ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှရရှိသည့် ဆန္ဒမဲရလဒ်များစုပေါင်းရေတွက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်မြင့်စန္ဒာအောင်ကလည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးထိန်လင်းကလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင်ကလည်းကောင်း၊ တိုင်းရင်းသားလွှတ်တော်မဲဆန္ဒနယ်(ကရင်)တွင် ကရင်ပြည်သူ့ပါတီမှ ဦးမန်းသိန်းကျော်နှင့် တိုင်းရင်းသား လွှတ်တော်မဲဆန္ဒနယ်(ရခိုင်)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးညွန့်တို့က အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် စတင်ကျင်းပသောရွေးကောက်ပွဲကြီးတွင် ပါတီ(၇)ခုပါဝင်ပြီး ပါတီကိုယ်စားလှယ်လောင်းများနှင့် တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း (၂၇) ဦးတို့က ဝင်ရောက်ကိုယ်စားပြု အရွေးချယ်ခံခြင်းဖြစ်သည်။ မြောင်းမြမြို့တွင် မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၁၄) အုပ်စုအတွက်မဲရုံပေါင်း (၂၃၆) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေပေါင်း (၁၉၄၉၂၈) ဦးရှိပြီး (၁၃၈၇၁၂) ဦး ဆန္ဒမဲပေးခဲ့ပြီး ဆန္ဒမဲပေးသည့်ရာခိုင်နှုန်းမှာ ၇၁ ဒဿမ ၁၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)