ငွေဆောင်မြို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေး

ငွေဆောင် ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ယမန်နေ့နံနက် (၅)နာရီမှစတင်၍ မဲရုံများအား ကွင်းဆင်းကာ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလာပေးမှု အခြေအနေနှင့် မဲရုံအခြေအနေတို့အားကြည့်ရှုကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ကျဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် MEVM မဲပေးစက် နည်းပညာဆရာ (၂) ဦးတို့မှ ရွေးကောက်ပွဲကျင်းပသည့် မဲရုံ( ၁၃) ရုံအား မြေပြင်ကွင်းဆင်းကာ မဲလာပေးကြသည့် မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ရေသန့်ဘူးနှင့် အအေးဘူးများ ပေးဝေခြင်း၊ မဲလာပေးရန်အခက်အခဲ ရှိသည့် သက်ကြီးရွယ်အိုများ၊ ခန္ဓာကိုယ်မသန်စွမ်းသူများ၊ သွားရေးလာရေးခက်ခဲသူများအား အိမ် တိုင်ရာရောက် သွားခေါ်၍ အကြိုအပို့လုပ်ရန်စီစဥ်ပေးခြင်း၊ မဲရုံအတွင်း/ အပြင် တာဝန်ကျသူများနှင့် လုံခြုံရေးအဖွဲ့များ၏ စားသောက်ရေး စီစဥ်ပေးခြင်း၊ ဆန္ဒမဲလာပေးကြပါရန် ရပ်ကွက်/ကျေးရွာများအတွင်းဆော်သြပေးစေခြင်း၊ ချို့ယွင်းချက်ဖြစ်ပေါ်သည့် မဲပေးစက်အား အရန်မဲပေးစက်ဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် တုံ့ဆိုင်းမှုမရှိအောင်  လှဲလှယ်တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့ရှိ မဲရုံများတွင် မဲပေးစက် Error ဖြစ်ပေါ်မှုနှင့် မဲရုံဆိုင်ရာ လိုအပ်ချက်များရှိပါက အရေးပေါ်အချိန်မီ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကွပ်ကဲရေးရုံးတွင် ဌာနဆိုင်ရာများပါဝင်သည့်ရွေးကောက်ပွဲကွပ်ကဲရေးအဖွဲ့အားဖွဲ့စည်းကာ မဲရုံများမှတင်ပြလာသည့် အခက်အခဲများအား ဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

R – 014(ငွေဆောင်)