ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်သစ်ကြီး တည်ဆောက်မှု (၉၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူမည်

ဘိုကလေး ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော်တစ်ခုဖြစ်သည့် တာဝတိံသာစေတီတော်ကြီးသည် (၂၀၂၂) ခုနှစ်၌ စောင်းတန်းပြိုကျပျက်စီးမှုကြောင့် စေတီတော် ဟောင်းအားဖျက်သိမ်း၍ ရဟန်း၊ရှင်၊ လူ၊ သာသနာ့ဒါယကာ/မများ၏ ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် စေတီတော်သစ်ကြီးအား ပြန်လည်တည်ထားကိုးကွယ်ခဲ့ရာ ယခုအချိန်၌စေတီတော်သစ်ကြီး ပြန်လည်တည်ထားဆောက်လုပ်မှု (၉၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သဖြင့် တပေါင်းလပြည့်နေ့ အခါ၌ စေတီတော်သစ်ကြီး၏ အထွဋ်စေတီတော်အား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စေတီတော်သစ်ကြီး (၉၅)ရာခိုင်နှုန်း တည်ထားဆောက်လုပ်ပြီးချိန်၌ စေတီတော်ပင်မအဆောက်အဦး၏ဝရန်တာ သံပန်းများတပ်ဆင်ခြင်း၊ အတွင်းလှေကားလက်ရန်းများ တပ်ဆင်ခြင်း၊ သင်္ဂဿနဂိုရ်မုခ်ဦး တည်ဆောက်ခြင်းနှင့် မြေယာရှုခင်းအလှဖော်ဆောင်ခြင်း စသော အချောသပ်လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေပြီး ၎င်းလုပ်ငန်းစဉ်များအားအလှူငွေရရှိမှုပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စေတီတော်တည်ဆောက်ရေး ကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင်းလည်းကောင်း၊ စေတီတော်စောင်းတန်းပြိုကျမှုကြောင့် စေတီတော်ဟောင်းဖျက်သိမ်း၍ စေတီတော်သစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကြောင့်လည်းကောင်း (၆)နှစ်တာမျှ မကျင်းပခဲ့သည့် ဘိုကလေးမြို့နယ်၏ တာဝတိံသာ ဘုရားဆင်းပွဲတော်အား ယခုနှစ်(၂၀၂၅)ခုနှစ် သီတင်းကျွတ်လပြည့်နေ့အခါတွင်လည်း စေတီတော်သစ်ကြီးဖြင့် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)