ထားဝယ် ဒီဇင်ဘာ ၂၉
ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင်က အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပမည့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းသည် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်သောလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး မဖြစ်ပွားမီ၊ ဖြစ်ပွားဆဲ၊ ဖြစ်ပွားပြီး အခြေအနေအလိုက် ပြုမူနေထိုင်ရမည့်အရာများကို လက်တွေ့သရုပ်ပြဆောင်ရွက်ရမှာဖြစ်သည့်အတွက် အလွန်အဖိုးတန်သောလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း၊ ယခုလေ့ ကျင့်မှုတွင် ပါဝင်ဆောင်ရွက်မည့်သက်ဆိုင်ရာဌာန အသီးသီးက တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရရှိလာမည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့အသုံးချနိုင်သောအဆင့်ထိရောက်အောင် ကြိုးစားလေ့ကျင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် အချင်းချင်းပူးပေါင်းမှု ပိုမိုခိုင်မြဲစေရေးအတွက် ဌာနအလိုက်အားနည်းချက်၊ အားသာချက်များကို အပြန်အလှန် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်ပေါ်ပေါက်စေရေးအတွက် အရေးပါသောသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အောင်မြင်နိုင်ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခန်းပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့များက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)