(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က ကျောင်းသား/ကျောင်းသူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ မူလတန်းဆင့်ယှဉ်ပြိုင်ကစားရာတွင် မုန့်စားပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ ဖယောင်းတိုင်ထွန်းပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများကို အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဝန်းအတွင်း၌ကျင်းပပြီး ဆုရရှိသူ များကို(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)