တောင်ဥက္ကလာပ ဒီဇင်ဘာ ၃၀
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားရာ ရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပပြုလုပ်ရာတွင် မဲရုံ၀န်ထမ်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မဲရုံများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးအစီအမံများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ရပ်ကွက်များအလိုက် မဲရုံများထားရှိဆောင်ရွက်မှုအခြေအနေများနှင့် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့၀င်များ၏ လုပ်ငန်းဆောင်တာများတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ချမ်းမြအေးက MEVM မဲပေးစက်များကို လက်ခံရရှိနိုင်ရေးနှင့် စက်များတပ်ဆင်ဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဗိုလ်မှူးဇော်နိုင်က လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် တာ၀န်ရှိသူများက မဲရုံ (၇၅) ရုံကို ခင်းကျင်းဆောင်ရွက်မည့်အစီအစဉ်များ၊ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့်ဆက်စပ်၍ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)