ဒေါပုံမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ဒေါပုံ ဒီဇင်ဘာ ၃၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရောက်ရှိမည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယ‌မန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက လွတ်လပ်ရေးနေ့ဆိုင်ရာ သမိုင်းအကြောင်းအရာများ၊ တိုင်းရင်သားညီအစ်ကိုမောင်နှစ်မများ စည်းလုံးညီညွတ်ပါမှသာ နိုင်ငံတော်၏ လွတ်လပ်ရေးတည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း စသည်ဖြင့် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ အ.မ.က (၁၁) မှ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်‌‌ရောက်ခဲ့ကြပြီး ပြိုင်ပွဲများအပြီး၌ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)