ဒေါပုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၃၀

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကားပြောကြားရာ ရွေးကောက်ပွဲ အပိုင်း (၂) ကို ကျင်းပပြုလုပ်ရာတွင် မဲရုံ၀န်ထမ်းများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မဲရုံများတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်း၀င်းစိန်က ရပ်ကွက်များအလိုက် မဲရုံများထားရှိဆောင်ရွက်မှုအခြေအနေများနှင့် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် အဖွဲ့၀င်များ၏ လုပ်ငန်းဆောင်တာများတွင် အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင့်တင့်ထွန်းက MEVM မဲပေးစက်များကို လက်ခံရရှိနိုင်ရေးနှင့် စက်များတပ်ဆင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များဖြစ်ကြသည့် ဗိုလ်မှူးစိုးမိုးအောင်၊ ရဲမှူး သိန်းဇော်လှိုင်နှင့် လ. ၀.က ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့က ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သပ်၍ ဆောင်ရွက်ရမည့် ကိစွစရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက မဲရုံ (၃၈) ရုံကို ခင်းကျင်းဆောင်ရွက်မည့် အစီအစဉ်များ၊ တတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှုနှင့် ဆက်စပ်၍ တင်ပြလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာ၀န်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)