ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၃၀                          

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ တိုက်ကြီးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း ပိုင်ရှင်ဦးကဲ၏ အကွက်အမှတ် A 34 ရှိ ခြံတွင် ဆိတ်အကောင်ရေ(၁၀၈)ကောင်၊ သိုးအကောင်ရေ (၆၅)ကောင်နှင့် အကွက်အမှတ် B 10 ရှိ ခြံတွင် ဒေသနွားအကောင်ရေ(၁၇၂)ကောင် မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပိုင်ရှင် ဦးဇေယျာဖြိုး၏ အကွက်အမှတ် B 6 ရှိ ခြံတွင် ဒေသနွားအကေင်ရေ(၁၃၂)ကောင် မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပိုင်ရှင် ဦးသီဟကျော်ဇော၏ အကွက်အမှတ် A 15 ရှိ ခြံတွင် တိုင်းရင်းမျိုးကြက်အကောင်ရေ(၆၀၀၀) မွေးမြူထားရှိမှုနှင့် ဥဖောက်စက် လုပ်ဆောင်နေမှု အခြေ အနေများအားလည်းကောင်း၊ ပိုင်ရှင် ဦးကဲ၏ အကွက်အမှတ် A 16 ရှိ ခြံတွင် ဥစားကြက် အကောင်ရေ(၅၀၈၀)ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ SUPER SEVEN STARS AGRI-TECH CO.,LTD ၏ အကွက်အမှတ် A27 ရှိမှ ကြက်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ တည်ဆောက်နေမှုနှင့် ကြက်သားပေါက် မီးကိုင်သည့်နေရာ ဆောက်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ ပိုင်ရှင် ဦးသိန်းမြင့်၏ အကွက်အမှတ် A 26 ရှိ ကြက်မွေးမြူနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ပိုင်ရှင် ဒေါ်သဲဟေမန်ဦး၏ အကွက်အမှတ် A 24 ရှိ ဆိုလာဖြင့် ဘဲဥများအား ဥဖောက်ခန်း ဆောင်ရွက်ထားရှိမှု၊ မျိုးဘဲခြံ မွေးမြူထားရှိမှုနှင့် အသားတိုး ဘဲအကေင်ရေ(၇၀၀) မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ ပိုင်ရှင် ဒေါ်နန်းဖောင်း ကျောက်ကော်၏ အကွက်အမှတ် A 2 ရှိ ခြံတွင် အသားတိုးကြက်အကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ ပိုင်ရှင် ဦးလှဦး၏ ခြံတွင် ဒေသနွားအကောင်ရေ(၂၆)နှင့် အသားတိုးနွားအကောင်ရေ(၁၁)ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် တိုက်ကြီးမွေးမြူရေးဇုန်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လုပ်ကွက်အလိုက် မွေးမြူရေးဆောင်ရွက်နေမှုနှင့် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)