ရွှေပြည်သာမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရွှေပြည်သာ ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ကျင်းပမည့် မဲရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ် မြို့ပေါ်ရပ်ကွက် (၂၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄) ရွာရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်

အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်နှင့် တပ်ဖွဲ့ဝင်များ ပူး‌ပေါင်း၍ မဲရုံဆောင်ရွက်မည့် နေရာများ၌ မီးသတ်ဆေးဘူးထားရှိမှု ရှိ၊ မရှိ၊ ထားရှိသော မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ၊ မရှိနှင့် မဲရုံအနီးပတ်ဝန်းကျင်များတွင် မီးလောင်မှု၊ မီးလန့်မှုမ‌ဖြစ်ပွားစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေးမိုး (ပြန်/ဆက်)