ပြင်ဦးလွင် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အပတ်စဉ်(၁၁) သစ်လွင်သားဖွား အလုပ်ခန့်အပ်လွှာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း၁နာရီအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး၅ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မိုရ်စိုးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး၊ ပြင်ဦးလွင်မြို့ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် ပြင်ဦးလွင်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာငြိမ်းချမ်းတို့မှ သားဖွားသင်တန်းဆင်းဆရာမ ၅၅ ဦးအား သစ်လွင်သားဖွားအလုပ်ခန့်အပ်လွှာများအား အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ သစ်လွင်သားဖွားသင်တန်းဆင်းဆရာမများ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးနောက် ပြင်ဦးလွင်မြို့ ကုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုးအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တာ၀န်ရှိသူများက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား အကျွေး အမွေးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)