ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် သံဃာတော်အရှင်သူမြတ် ၃၀၀၀ ပါး တို့အား သပိတ်၊ ထီး၊ သင်္ကန်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး  ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၃၁ ရက် ည ၆ နာရီအချိန်၌ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ်နှစ်သစ်ဦး တရားတော်နှင့် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီအချိန်၌ သံဃာတော်အရှင်သူများ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား နှစ်ဦးကုသိုလ် ဆွမ်း၊ သပိတ်၊ ထီး၊ သင်္ကန်း၊ ဖိနပ်၊ ဆေးဝါးများနှင့် သံဃာအသုံးအဆောင်များလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရွှေစည်းခုံဘုရားကြီး ဂေါပကအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက နှစ်ဦးတရားတော်နှင့် သံဃာတော်အရှင်သူမြတ်များ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူနိုင်ရေးအဖွင့်အမှာစကားပြောကြားသည်။ ပြီးနောက် မတည်အလှူရှင်များ ဆွမ်းဆန်စိမ်းလောင်းလှူမည့် အခြေအနေတို့အား ရှင်းလင်းတင်ပြကြကာ ဆွမ်းဆန်းစိမ်း လောင်းလှူမည့် ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းအားကြည့်ရှုသတ်မှတ်ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားကြီးဝင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ရာသက်ပန်ကုမ္ပဏီ၊Authentic Company၊Mother Company၊ မန္တလာမင်း Express၊နှင့်မတည်အလှူရှင်များက ထမင်းစတုဒိသာ ခုနှစ်ရက်ကျွေးပြီး နှစ်သစ်ဦးတရားတော် ကို သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ် က မေတ္တာဗုဗ္ဗ(၁၄)ပါး တရားတော်အား ဟောကြားတော် မူမည်ဖြစ်ကြောင်း သိရသည်။

ဇန်ဝါရီ ၁ ရက်၊နံနက် ၄ နာရီခွဲအချိန်တွင် ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ပင့်သံဃာ ၂၇၉၆ ပါးတို့က ဘုရားရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓဘိသေကအနေကဇာတင်ကြမည်ဖြစ်ပြီး သံဃာတော်အရှင်သူမြတ် (၂၇၉၆)ပါးနှင့် သီလရှင် ဆရာကြီး/လေး(၃၀၀)တို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း