ပလောက်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများ ကျင်းပ

ပလောက် ဒီဇင်ဘာ ၃၀

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲမစတင်မီ ပလောက်မြို့၊အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ကိုယ်စား တာဝန်ခံဆရာမက ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို မိုးသို့လွင့်ပျံလွတ်လပ်ရေးရဲ့အသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲကို ထိန်းသိမ်းစောင့်ရှောက်ကြရမည့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့်လည်း ကောင်း၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲကို လွတ်လပ်ရေးပန်းမို့မနွမ်းစေချင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် ကဗျာပြိုင်ပွဲကို လွတ်လပ်ရေးအမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၀ ဦးနှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ ၁၄ ဦး၊ စုစုပေါင်း (၂၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)