ကျောက်ဆည် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် ဘုရင်ဖြစ်မယ့် လက်ညှိုး စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဘုရင်ဖြစ်မယ့်လက်ညှိုးစာအုပ်သည် လူငယ်တွေအနေနဲ့ စနစ်တကျ စဉ်းစားတွေးခေါ်မှုဖြင့် စနစ်တကျ ကြိုးစားအားထုတ်မည်ဆိုပါက နယ်ပယ်တစ်ခုခု၌ ဘုရင်၊ ဘုရင်မတစ်ပါးဖြစ်ကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း၊ မောင်ခိုင်ကျော်(ကျောက်ဆည်)က စာအုပ်တွင် ပါရှိသည့် မိုးကြိုးပစ်သံကြားရင် ဘယ်လိုနေပါသလဲ၊ ကိုယ့်ကိုယ်ကိုယ်အခွင့်အရေးအဖြစ် အသုံးချပါ၊ ဆုံးဖြတ်ချက်က အဓိကကျတယ်၊ စံတန်ဖိုးနဲ့ လေးစားထိုက်မှု စသည့် အကြောင်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် အရွယ်မရောက် သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)