ကျောက်ပန်တောင်း ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဒုတိယအကြိမ်တွင် ပါဝင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရမည့်အခွင့်အရေး မဆုံးရှုံးစေရန်၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အနှစ်သာရ ပေါ်လွင်စေရန် လိုအပ်သည့် အစီအမံများ ကြိုတင်စီမံဆောင်ရွက်ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၊ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေ ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဖွင့်လှစ်ထားရှိမည့် မဲရုံများ စနစ်တကျပြင်ဆင်ထားရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်များ လျင်မြန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲဆန္ဒရှင်အမည်၊ နယ်မြေနှင့် မဲစာရင်းအမှတ်စဉ်များကို ကြိုတင်ဖြန့်ဝေထားရှိရေးတို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးနိုင်ဝင်းထွန်းက လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်နှင့် ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်တို့က မဲရုံတွင် အသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများ ထုတ်ပေးမည့် နေ့ရက်နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများမှ ကြိုတင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း၊ မဲပေးနည်းစနစ်များကို လက်တွေ့ရှင်လင်းပြသကြပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၁၂၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)