အမရပူရ ဒီဇင်ဘာ ၃၀
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၇ နာရီခွဲမှ စတင်ကာ အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားပြိုင်ကွင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)လေးဦး လက်ဆင့်ကမ်း၊ မီတာ(၂၀၀)လေးဦး လက်ဆင့်ကမ်း၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ် စသည့် အားကစားနည်းများအလိုက် ပြိုင်ပွဲများကိုကျင်းပရာ ပြိုင်ပွဲဝင်အားကစားများ၏ ယှဉ်ပြိုင်မှုအား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာ ခင်မော်မော်စိုး၊ ဒေါက်တာမာလာယုအောင်၊ ဒေါက်တာဦးဝင်းနိုင်၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ပြေးခုန်ပစ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသိမ့်အိအိခိုင်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ အားပေးကြည့်ရှုကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြေးခုန်ပစ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌတို့က အားကစားနည်းများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ အားကစားသမားများအား တစ်ဦးချင်းဆုများနှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)