တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ  ၃၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပ သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်၊ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမိုးလွင်တို့က ဘာသာရပ်ဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက် ပြခန်းပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြခန်းများကို  လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက စောင်းလက်သံ၊ မြကျွန်းညိုညို တက္ကသိုလ်သီချင်း၊ ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်း၊ ချောကလျာသီချင်းဖြင့် တီးခတ်သီဆို ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက   ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ်ရင်ခွင်သို့ မောင်မယ်သစ်လွင်များအဖြစ် ခိုလှုံရောက်ရှိလာပြီး ခမ်းနားထည်ဝါလှသည့် အနာဂတ်ကို တည်ဆောက်ကြမှာဖြစ်သောကြောင့် တိုင်းဒေသကြီး၏ အနာဂတ်ကိုပုံဖော်ကြမည့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေးထွေးစွာကြိုဆိုကြောင်း၊ တိုင်းဒေသကြီးသည် နိုင်ငံတော်အတွက် အလွန်အရေးပါသည့် စိုက်ပျိုးရေးလုပ်ငန်းများသာမက အဖိုးတန်သောတွင်းထွက် သယံဇာတများ၊ နိုင်ငံတော်၏ မီးရှူးတန်ဆောင်ဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ၊ ကြွယ်ဝလှသော ရေသယံဇာတများနှင့်သာယာလှပသည့် ခရီးသွားကဏ္ဍတို့သည် တိုင်းဒေသကြီးတွင် ပေါများကြွယ်ဝစွာရှိကြောင်း၊ အဖိုးတန်လှသည့်သယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲပြီး ဒေသဖွံ့ဖြိုးရေးအတွက်လက်တွေ့အသုံးချနိုင်ရန် ခေတ်မီပညာတတ်လူငယ်များ၏ အတတ် ပညာနှင့်ကျွမ်းကျင်မှုများက အဓိကကျသော အင်အားဖြစ်ကြောင်း၊ မောင်မယ်များတို့သည် မိမိဘဝကိုပြောင်းလဲနိုင်သောနေရာ၊ တန်ဖိုးမဖြတ်နိုင်သောနေရာ၊ မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းနှင့် ပညာရပ်များကို လာရောက်သင်ယူကြသည့်အတွက် တန်ဖိုးရှိပြီး တိုင်းဒေသကြီး၏ လိုအပ်သောဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ကြောင်း၊ မောင်မယ်များအနေဖြင့် တက္ကသိုလ်သို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် တက္ကသိုလ်က ပို့ချခဲ့သော ဘာသာရပ်များ၊ ဆရာ၊ ဆရာမများ၏ဆုံးမမှုများဖြင့် အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားနိုင်သောသူများ၊ မိမိဘဝရှေ့ရေး တိုးတက်ရေးကို ရှာဖွေရသော နေရာဖြစ်ကြောင်း၊ မောင်မယ်များအနေဖြင့်ကျောင်းပြီး၍ ဘွဲ့ရသွားသည့်အခါ မိမိတို့၏အသိပညာများနှင့် ဒေသ၏သယံဇာတများကို ပေါင်းစပ်ပြီး တိုင်းဒေသကြီးကိုယခုထက်မက ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးနိုင်မည့် အနာဂတ်ခေါင်းဆောင်များ ဖြစ်ကြမည်ဟုယုံကြည်ကြောင်း၊ မောင်မယ်သစ်လွင်များအားလုံး တက္ကသိုလ်ပညာသင် ကာလတစ်လျှောက်လုံးမှာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ကြပါစေကြောင်းနှင့်နိုင်ငံတော်က အားကိုးရသော ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူငယ်များဖြစ်ကြပါစေကြောင်း၊ ထို့ပြင်မကြာခင်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ရေနက်ဆိပ်ကမ်းပေါ်ပေါက်လာပါက လူသားအရင်းမြစ်များစွာလိုအပ်ကြောင်း၊ မောင်မယ်သစ်လွင်များသည် ရေနက်ဆိပ်ကမ်းအတွက် တန်ဖိုးရှိသောလူသားအရင်းအမြစ်ဖြစ်ပြီး မိမိ၏ဘဝတိုးတက်ရေး၊ မိမိ၏ အသိဉာဏ်တိုးတက်ရေး၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရန် အရေးကြီးကြောင်း၊ မိမိဒေသ၏ အကျိုး အမြတ်များစွာရရှိရေးတွင် ပညာရည်ပြည့်ဝရန် လိုအပ်ပြီး ဒေသ၏လိုအပ်ချက်များကို ကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မောင်မယ်များအနေဖြင့် လူတော်လူကောင်းများ၊ ပညာတတ်လူငယ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားသည်။

ဆက်လက်၍ကျောင်းသား‌ ကျောင်းသူများက မွန်ကိန္နရီ ကိန္နရာအက၊ ကရင်တိုင်းရင်းသားရိုးရာအက၊ ထားဝယ်ရေအိုးရွက်အကများဖြင့် ဖျော်ဖြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေပေးသူများအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)