ပုသိမ် ဒီဇင်ဘာ ၃၀
(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ မကျည်းလဟာကျေးရွာအုပ်စု၊ မကျည်းလဟာကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့၍ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာတွင်း လျှပ်စစ်မီးရရှိသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မကျည်းလဟာကျေးရွာ၊ အေးရိပ်သာကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်းရှိကျေးရွာများတွင် လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းရရှိသည့်နေရာများနှင့် ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကျည်းလဟာကျေးရွာအနေဖြင့် လျှပ်စစ်မီးရရှိပြီဖြစ်၍ စနစ်တကျသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လျှပ်စစ်ကြောင့်ဖြစ်ပေါ်တတ်သည့် မီးဘေးအန္တရာယ်ကိုလည်း ဂရုပြုရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တောင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း” ပြောကြားပြီး ဒေသခံပြည်သူများအား ပန်းပေါင်းစုံရုပ်ပွားတော်မြတ်များ လှူဒါန်းပေးအပ်ခဲ့သည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာသို့ရောက်ရှိ၍ ညောင်မှော်ကျေးရွာ၊ စိန်ပန်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “ ယခုကဲ့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းသည် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားပြီး ဒေသခံပြည်သူများအား ပန်းပေါင်းစုံရုပ်ပွားတော်မြတ်များ လှူဒါန်းပေးအပ်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)