မဟာအောင်မြေ ဒီဇင်ဘာ ၃၀
မန္တလေးတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက “တပင်တိုင်” အက “မန္တလေး က ကြိုမယ်” သီချင်းများဖြင့် ကပြဖြေဖျော်ခြင်း၊ မန္တလေးတက္ကသိုလ် အင်္ဂလိပ်စာဘာသာရပ်မှ ပထမနှစ်ဂုဏ်ထူးတန်း ကျောင်းသား မောင်ဇော်လွင်ထူးက “ ရွှေမန်းသူလေး " သီချင်းများဖြင့် မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက တက်ရောက်လာကြသော မောင်မယ်သစ်လွင်များအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက မန္တလေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းများနှင့် သိသင့်သိထိုက်သော သင်တန်းရေးရာအကြောင်း သိကောင်းစရာများအား ရှင်းလင်း ပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ် ဝိဇ္ဇာဘာသာရပ်များ(ကိုယ်စား) သမိုင်းနှင့် ယဉ်ကျေးမှုခရီးသွားပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကျော်ဆွေညွန့်က ဝိဇ္ဇာဘာသာရပ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်များ(ကိုယ်စား) သင်္ချာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာကိုကိုလွင်က သိပ္ပံဘာသာရပ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လူရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသူ (၁)ဦးအား ဂုဏ်ပြုဆုနှင့် ပထမနှစ် (၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်) များမှ အမှတ်အများဆုံး၊ ပထမ၊ ဒုတိယ၊ တတိယရရှိပြီး ဝင်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူ(၃)ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်
မန္တလေးတက္ကသိုလ်၌ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် သင်တန်း/စီမံဌာနမှူးများ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊သူများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း