ကော့မှူး ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက သစ်တောများက ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ ၊မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများ၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့် တောမီးလောင်ကျွမ်းမှုဆိုင်ရာအကြောင်းများ၊ ရိုးပြတ်များမီးရှို့၍ ဖြစ်ပေါ်လာရသည့် Fire Hotspots အကြောင်းများ၊ ရိုးပြတ်များမီးမရှိုဘဲ သဘာဝမြေဩဇာပြုလုပ်ခြင်းများ၊ ရိုးပြတ်များအားထိမ်းချုပ်စနစ်ဖြင့် မီးရှို့ခြင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့် နည်းလမ်းများ၊ ကျေးရွာပိုင်တစ်အုပ်တမစိုက်ခင်းများ၊ တစ်အိမ်ထောင်လျှင် နှစ်ရှည်ပင်တစ်ပင်နှုန်စိုက်ပျိုးသွားရန် ဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေက မီးဘေးလုံခြုံ ရေးကိစ္စများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်က စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းများ စနစ်တကျထိမ်းချုပ်စနစ်တကျစွန့်ပစ်ရေး ကိစ္စရပ်များအား ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ