ပုဇွန်တောင် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ၊ ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပြပွဲများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အဖွင့်အမှာစကားပြောကြားပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေရန်ကိုလည်းကောင်း၊ စာရေးဆရာမ သုခေတ်မေက (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်