ကန်ကြီးထောင့် ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်များနှင့်စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂၉)ရက်နေ့ နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လင်းက လက်ရှိကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများဆိုင်ရာလုပ်ငန်းအမျိုးအစားအလိုက်၊ အခွန်ကဏ္ဍတစ်ရပ်ခြင်းအလိုက် သက်ဆိုင်သောကိစ္စရပ်များနှင့် ပြေစာ၊ ဘောက်ချာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောလုပ်ငန်းများအပေါ် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လင်းက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ပြီး အခွန်ဦးစီးဌာနမှ ဝန်ထမ်းများက ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)