ဟင်္သာတ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်အလိုက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့နယ်၊ ဥယျဉ်မြောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြသည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်ပြီး စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ပြီးနောက် ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟင်္သာတတက္ကသိုလ် ဘာသာရပ်အလိုက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၁) သင်း အသင်းသားဦးရေ (၂၂၀) ဦးတို့ ပါဝင် ယှဉ်ပြိုင်ပြီးပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)