ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ်များအတွက် Battery များ အားသွင်းခြင်းလုပ်ငန်းနှင့် MEVM စက် Installation လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ကျိုင်းတုံ ဒီဇင်ဘာ ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ်များအတွက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ သီရိမင်္ဂလာခန်းမတွင် မဲပေးစက်ဆိုင်ရာကျွမ်းကျင်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ၊ နယ်မြေခံတပ်မတော်သားများစုပေါင်း၍ Batteryများ အားသွင်းခြင်းလုပ်ငန်းနှင့် MEVMစက် Installation လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပပြုလုပ်မည့် မြို့နယ်များတွင်  အသုံးပြုမည့် MEVM စက်များ၏ Battery များ အားသွင်းခြင်းလုပ်ငန်း၊ SDကတ်များ ပြန်လည်ထည့်သွင်းခြင်းလုပ်ငန်း၊ BU Paperများ ပြန်လည်လဲလှယ်ခြင်းလုပ်ငန်းများအစရှိသည့် MEVM စက်Installation လုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်နေမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။

အဆိုပါ Batteryများ၊ MEVMစက်များနှင့် ဆက်စပ်ပစ္စည်းများကို ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပပြုလုပ်မည့် မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပျဉ်းမြို့နယ်များသို့ သတ်မှတ်နေ့ရက်များတွင် ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)