မိုင်းရယ် ဒီဇင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက် (၁၁) နာရီက မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့်တွေ့ဆုံပြီး မိုင်းရယ်မြို့နယ်တွင် အပိုင်း(၂) ဖြင့်ဆောင်ရွက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက မိုင်းရယ်မြို့နယ်အတွင်းရှိ မဲရုံများသို့ဖြန့်ခွဲမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) များ စမ်းသပ်ခြင်းနှင့် မဲရုံများသို့ဖြန့်ခွဲပို့ဆောင်နေရာချထားရမည့်အခြေအနေများ၊ မဲပေးစက်တွင် အသုံးပြုမည့် SD ကဒ်များ ထည့်သွင်းခြင်းနှင့် မဲပေးစက်တွင် Battery များအားသွင်းထားရှိရမည့်လုပ်ငန်းစဉ်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် မဲရုံမှူး၊ ဒု-မဲရုံမှူးတို့ပါဝင်သော မဲရုံအဖွဲ့ဝင်တို့၏ လုပ်ငန်းတာဝန်များ၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေ ရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲလက်မှတ်များ ရေတွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားပါသည်။
ယင်းနောက် တန့်ယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းဌေးတို့က ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ရှင်းလင်း ပြောကြားပြီး လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအာကာမင်းက MEVM စက်နှင့် ပတ်သက်သော ကိစ္စများအား ရှင်းလင်းပြေကြားပါသည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က မိုင်းရယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များကို လည်း ကောင်း၊ မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နှင်းနှင်းအောင်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသန့်က ရွေးကောက်ပွဲကာလ လုံခြုံရေး အတွက် စီစဉ် ဆောင်ရွက်ထားမှုအခြေအနေများ ကိုလည်းကောင်း ဆွေးနွေးကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ဆွေးနွေးတင်ပြမှုများအားပေါင်းစပ်ဆွေးနွေးညှိနှိုင်းမှာကြားခဲ့ကာ တာဝန်ရှိသူများနှင့်အတူ မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ ထားရှိမည့်နေရာအား ကြည့်ရှုခြင်း၊ မိုင်းရယ်မြို့နယ် ရပ်ကွက် (၂) တွင် တတိယအကြိမ် မဲစာရင်းကြေငြာထားမှုအား ပြည်သူများမှ လာရောက်ကြည်ရှုနေမှုများအား ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းရယ်ပြန်/ဆက်