‌မိုင်းဖြတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံကလာမည့် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့်အခြေအနေများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျင်းပသည့်နေ့တွင် ဆောင်ရွက်ရန်အချက်များ၊ ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းရန် အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက မဲရုံများအလိုက် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များ တာဝန်ချထားသည့်အခြေအနေများ၊ အသိပညာပေးလုပ်ငန်းများကို တိုင်းရင်းသားဘာသာစကားများဖြင့် လှည့်လည်နှိုးဆော်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးအောင်မြတ်မိုးက ရွေးကောက်ပွဲကျင်းပရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့်အခြေအနေများ၊ ဆက်လက်‌  ဆောင်ရွက်သွားမည့်အ‌ခြေအနေများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြည်သူများ သက်တောင့်သက်သာမဲပေးနိုင်ရေးနှင့် စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၂)ဖြင့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၁)စုတွင် မဲရုံပေါင်း(၄၀)မှ မဲဆန္ဒရှင်ပြည်သူ (၂၁၇၃၆)ဦးရှိကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)