မိုးနဲ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၄) နောင်ကျော့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ ပူးပေါင်းကာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများပြုလုပ်ပေးခြင်းကြောင့် ကျောင်းသား/သူများ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရရှိခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာခြင်း၊ ကာယစွမ်းရည်ပါတိုးတက်လာခြင်း၊ နေ့ကြီးရက်ကြီးများကို မှတ်မှတ်ရရရှိနေစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး ယနေ့တွင် KG မှ Grade-8 အထိ ကျောင်းသား/သူလေးများအား မုန့်စားပြိုင်ပွဲ၊ ပူဖောင်းညှပ်ပြေးပြိုင်ပွဲ၊ မျက်လုံးမှိတ် ဘောလုံးကောက်ပြိုင်ပွဲ၊ ဇွန်းဖြင့်ရေခွက်ဖြည့်ပြိုင်ပွဲ၊ ပိုက်ဖြင့်ရေဘူးထည့်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ ကျောပေါ်စာအုပ်ရွက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ခြေတစ်ချောင်းထောက်ပြေးပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ဇင်ကိုကို