ပင်းတယမြို့၌ မြို့နယ်ကျက်သရေဆောင် "စေတီကြီးစေတီတော်မြတ်" ပြန်လည်မွမ်းမံပြင်ဆင်တည်ထားနိုင်ရန်အတွက် ပန္နက်တော်တင်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပ

ပင်းတယ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာသစ်ရပ်ကွက်၊ စေတီကြီးပရိယတ္တိစာသင်တိုက်ရှိ မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် "စေတီကြီးစေတီတော်မြတ်" ပြန်လည်မွမ်းမံပြင်ဆင်တည်ထားနိုင်ရန်အတွက် ပန္နက်တော်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောဒဿသုံးကြိမ်ရွတ် ဘုရားကန်တော့ကြပြီး၊ ဧည့်ပရိတ်သတ်များမှ ပင်းတယမြို့နယ် သံဃနာယကဥက္ကဋ္ဌ ရွာငယ်ကျောင်းသစ် ဆရာတော်ဦးစ‌န္ဒောဘာသအား ရှိခိုးကန်တော့ကြ၍ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်များက ပရိတ်တရားတော်ကို ရွတ်ပွားချီးမြှင်ပေးကြကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌက ရေစက်ညွန်းပေးပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။ ထို့နောက် သံဃာတော်များ၊ အလှူရှင်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့မှ သတ်မှတ်နေရာများတွင် နေ့နံအလိုက် ပန္နက်တင်ခြင်းမင်္ဂလာကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယခု ပြန်လည်ပူဇော်ပြုမည့် "စေတီကြီးစေတီတော်မြတ်" ကြီးမှာ ဉာတ်တော်အမြင့် ၁၆၂ ပေ၊ စေတီအခြင်း ၁၁၁ ပေ၊ ပန်းတင်ခုံအခြင်း ၁၅၃ပေ၊ အရံစေတီ ၄၈ ဆူဖြင့် အသစ်တည်ထားမည်ဖြစ်ပြီး၊ ယခင် "စေတီကြီးစေတီတော်မြတ် " မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထီးတော်နှင့်စေတီတော်ပျက်စီးမှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)