ကြံခင်းမြို့နယ်၊ အ.ထ.က(ဆိပ်သာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စု၊ ဆိပ်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြေခံပညာကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ကာ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် “စာဖတ်ခြင်း ၏အသိအလိမ္မာ” ခေါင်းစဉ်ဖြင့်ဟောပြောသည်။ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ အုပ်ထိန်းသူများအား အခမဲ့ဖြန့်ဝေပေးကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဖြိုးဝေလင်း