မက်မန်းမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မက်မန်း ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နေ့ထူး၊ နေ့မြတ်၊ နေ့ရက်များကို အစဉ်အမြဲသတိရနေစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းကြောင်းများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀)ဦးတို့က လွတ်လပ်ရေးနေ့နှစ်ပတ်သက်သည့် ကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)