ဘိုကလေးမြို့နယ်၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များရောက်ရှိ

ဘိုကလေး ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်များအား ယမန်နေ့ညနေ (၃) နာရီခွဲအချိန်၌ လပ္ပတ္တာမြို့နယ်မှတစ်ဆင့် လာရောက်ပို့ဆောင်ပေးခဲ့ပြီး အဆိုပါမဲပေးစက်များအား ဘိုကလေးမြို့နယ် အောင်တော်မူဘုရားတန်ဆောင်းအတွင်း၌ လက်ခံထားသိုသိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

လပ္ပတ္တာမြို့နယ်မှ လာရောက်ပို့ဆောင်ရာတွင် ၎င်းမြို့နယ်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲပေးစက် (၁၁၅၅) လုံးအား ကုန်တင်ယာဉ်များနှင့်အတူ အုပ်ချုပ်မှု ယာဉ်များလိုက်ပါ၍ လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းမဲပေးစက်များအား ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းလက်ခံခဲ့ကြပြီး ဘိုကလေးမြို့နယ်၏ မဲရုံ (၂၆၅) ရုံအတွက် ထပ်မံလိုအပ်သည့် မဲပေးစက်များအား မအူပင်မြို့နယ်မှ ထပ်မံလက်ခံရယူရမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)