ချမ်းအေးသာစံ ဒီဇင်ဘာ ၃၁
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရား ကြီးပရဝဏ်အတွင်းရှိသာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှုဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း များဆောင်ရွက်လျက်ရှိပြီး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ မဟာအောင်မြေခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီဝင် များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မဟာမုနိဘုရားကြီး ပြန်လည်ပြုပြင်ရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေး၍ ရှေးမူမပျက် ပြန် လည်ပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများကို ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူကာ ညွှန်ကြားချက်များနှင့်အတိုင်း မြေငလျင်ဒဏ်ခံနိုင်မှုရှိရေးနှင့် လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် လုပ်ငန်းကော်မတီဝင်များနှင့် ပညာရှင်များဖြင့် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာမုနိဘုရားကြီး ရွှေထီးတော် အသစ်တင်လှူပူဇော်ပွဲအား နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပသွားမည်ဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ချမှတ်ထားသည့်မူဝါဒများ၊ လမ်းညွှန်ချက်များကို အလေးထားကာ စနစ်တကျစီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရေး၊ အခမ်းအနားအောင်မြင် စွာကျင်းပနိုင်ရေးနှင့် လစ်ဟင်းမှုမရှိစေရေး အကြံပြုတင်ပြချက်များအပေါ် အားလုံးဝိုင်းဝန်း ပူးပေါင်းကာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်များကိုအချိန်နှင့်တပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးနှင့် ဘုရားကြီး ပရဝဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု၊ ကျောင်းတော်ကြီးပေါ်ရှိ ထုပိကာတင် လှူခြင်းမင်္ဂလာ အောင်မြင်စွာဆောင်ရွက်ပြီးစီးမှု၊ ဂန္ဓကုဋိတိုက်ရှိ ခုံးများ တည်ဆောက်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများ၊ ရွှေထီးတော်အသစ်၊စိန်ဖူးတော်နှင့် ငှက်မြက်နားတော်နှင့် ဘုံအဆင့်ဆင့် တင်လှူပူဇော်နိုင်ရေး၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)