ချမ်းအေးသာစံ ဒီဇင်ဘာ ၃၁
ပြင်ဦးလွင်မြို့ရှိ နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ(ညံတော) ခေတ်မီ ဈေးသစ်ကြီးအားစည်ကား သိုက်မြိုက်စွာဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတွင်းရေးမှူး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နိုင်ငံတကာအဆင့်မီ သုမင်္ဂလာ(ညံတော) ခေတ်မီ ဈေးသစ်ကြီးအား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်း အဝေးဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ကဏ္ဍများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုအမြန်ဆုံးအပြီးသတ်ဆောင်ရွက်သွားနိုင်ရေး၊ ဆိုင်ခန်းများ အမြန်ဆုံးဖွင့်လှစ်သွားနိုင်ရေး၊ ဖွင့်ပွဲအခမ်းအနားမတိုင်ခင် ကြိုတင်ပြင်ဆင် နေစဉ်ကာလနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ်အချိန်တို့တွင် ဆောင်ရွက် ရမည့်လုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ယခုအစည်းအဝေးမှ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို အချိန်နှင့်တပြေးညီဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် လုပ်ငန်းကော်မတီမှအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာဖြင့်အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားမည့်လုပ်ငန်း အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များ၊ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)